Wednesday, 27 July 2011

အိန္ဒိယနိုင်ငံရေး အခြေအနေ

အိန္ဒိယ၌ ၁၈၉၉-ခု ဘုရင်ခံချုပ်အဖြစ်ဖြင့် လော့ကာဇင် ရောက်လာခဲ့ရာ အုပ်ချုပ်ခန့် ခွဲမှုတွင် အလွန်တော်သည်ဆိုပြီး နှစ်နှစ်တိုးတတ်ခန့်ထားခြင်း ခံရသည်။

၎င်းဘုရင်ခံချုပ်က ၁၉၀၄- ခုနှစ်တွင် ဘင်္ဂလားနယ်ကိုအရှေ့နှင့်အနောက် နှစ်ပိုင်းခွဲခြားလိုက်ရာက ဘင်္ဂလားမှ အမျိုးသားတို့ မခံမရပ်နိုင်၍ ဆူပွက်လာကြသည်။ 

ထိုအချိန်၌ ဒေါက်တာ ရာဘင်ဒရာနတ်သ်တဂိုးနှင့်စိအာဒေတ်(စ်)ဆိုသော ပညာရှိပုဂ္ဂိုလ်ကြီးနှစ်ဦးက ခေါင်းဆောင်လျက် ဆူပွက်ကန့်ကွက်လာကြရာ ပညာတတ်ပုဂ္ဂိုလ် အများကပင်လျှင် ထိုအရေးကိစ္စအတွက် ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်လာကြသည်။

အမျိုးသားကောလိပ်တစ်ခုကို တည်ထောင်ကြရာ ဗင်နိုဂိုရှ် ဆိုသည့် အိုင်စီအက်စ် အရာရှိကြီးတဦးက အလုပ်မှ ထွက်ပြီးလျှင်ကျောင်းအုပ်ကြီးအဖြစ်ဖြင့် ဆောင်ရွက်၍ ထိုကောလိပ်တွင် အရှင် ဥတ္တမကပါဋ္ဌိနှင့် ဗုဒ္ဓဘာသာကို မိမိစွမ်းဆောင်နိုင်သလောက် ပြသခြင်းဖြင့် ကူညီဆောင်ရွက်လေသည်။ 

သို့ဆောင်ရွက်ရင်းဖြင့်ပင် သက္ကဋ၊ သင်္ဂလီ၊ နာဂရီစသောရှေးဟောင်း ဟိန္ဒူကျမ်းစာ တို့ကိုသင်ကြားပြန်သည်။ 

ထိုကျောင်း၌ ပါဋ္ဌိပရော်ဖက်ဆာအဖြစ် ဆောင်ရွက်နေစဉ်ပင် အမျိုးသားအတွက် ဆောင်ရွက်လိုစိတ် ပြင်းပြလာပြန်၏။ 

အိန္ဒိယအမျိုးသားတို့ကား တဆင့်ထက် တဆင်တက်၍ မိမိတို့တိုင်းပြည်အတွက် ရသင့်ရထိုက်သောအခွင့်အရေးတို့ကို တောင်းဆိုလာကြရာ ပြောက်ကျားနည်းဖြင့် အစိုးရဌာနတို့ကို ဖြိုခွင်းတိုက်ဖျက်ရပင်ကြိုးစားကြပြီးလျှင် လျှို့ဝှက်သူပုန်အသင်းများကိုတည်ထောင်ကြသည်ဖြစ်ရာ အတော်များများပင် ဖမ်းဆီးအပြစ်ပေးခြင်းခံရခဲ့သည်။

No comments:

Post a Comment